ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၁)
သတိမူစရာကိုရိုနာဗိုင်းရပ်စ်အကြောင်း
facebook:Mingalanews
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ကျန်းမာရေးအသိပညာပေးသင်တန်း || COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ်”ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာနေ့တွင် တင်ဆက်ဖော်ပြသွားမှာ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် တရုတ်နိုင်ငံ၌ COVID-19 အဆုတ်ရောင်ရောဂါ ရုတ်တရက်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံအစိုးရမှ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လျင်မြန် ပြတ်သားစွာဆောင်ရွက်ခဲ့သည်။တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်၏ ကိုယ်တိုင်လမ်းညွှန်ပြသမှုနှင့် ညွှန်ကြားမှုအောက်တွင် စေ့စပ်တင်းကျပ်သော ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစနစ်အတိုင်း ပြည်သူပြည်သားများအားလုံး တစ်စိတ်တစ်ဝမ်းတည်း လိုက်နာကျင့်သုံးကြသောကြောင့် လက်ရှိရောဂါအခြေအနေသည် တစ်ရက်တခြား ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိလာရပြီး ကမ္ဘာ့ကျန်းမာရေး ဘေးကင်းလုံခြုံမှုအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖြစ်သည့်အတွက်လည်း ကမ္ဘာ့နိုင်ငံအများစု၏ နားလည်မှုနှင့် အားပေးထောက်ခံမှုများကို ရရှိခဲ့ပါသည်။
တရုတ်နိုင်ငံသည် အေးအတူပူအမျှ တူညီသောအသိုက်အဝန်းကို နိုင်ငံအသီးသီးနှင့် အတူတကွတည်ဆောက်ရေးဟူသော ဝါဒကို လက်ကိုင်ထား၍ ရောဂါတိုက်ဖျက်ရေးအတွက် နိုင်ငံအသီးသီးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာ၏ COVID-19 အဆုတ်ရောင် ရောဂါ တွန်းလှန်တိုက်ခိုက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံ၏ အကြံဉာဏ်ပညာ၊ အတွေ့အကြုံနှင့် ဆေးညွှန်းဆေးတမ်းများကိုလည်း မျှဝေပံ့ပိုးပေးခဲ့ပါသည်။
မြန်မာနှင့်တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး နှစ်နိုင်ငံဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းကာ အေးအတူ၊ ပူအမျှဖြစ်သော အသိုက်အဝန်းတစ်ခုဖြစ်ပါသည်။ တရုတ်နိုင်ငံ၌ ရောဂါရင်ဆိုင်နေရသည့် အခက်ခဲဆုံးအချိန်တွင် မြန်မာနိုင်ငံ၏ အစစ်မှန်ဆုံးသော ကူညီအားပေးထောက်ပံ့မှုများကို ရရှိခဲ့သည့်အတွက် တရုတ်ပြည်သူပြည်သားများမှ ဤချစ်ကြည် ရင်းနှီးမှုကို အမြတ်တနိုးတန်ဖိုးထား မှတ်သားထားပါမည်။ လတ်တလောအချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ COVID-19 အဆုတ်ရောင်ရောဂါကို တိုက်ဖျက်နေချိန်တွင် မြန်မာပြည်သူ ပြည်သားများအတွက် ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို ပိုမိုကောင်းစွာ သိရှိနားလည်နိုင် စေရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ COVID-19 အဆုတ်ရောင်ရောဂါ လက္ခဏာများ၊ အိမ်တွင်နေ၍ ကာကွယ်နိုင်သောနည်းလမ်းများ၊ အပြင်ထွက်လျှင် ကာကွယ်သင့်သော နည်းလမ်းများ အစရှိသည့် “ကျန်းမာရေးအသိပညာပေးသင်တန်း || COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ်” ကို အားလုံးနှင့် မိတ်ဆက်ပေးမည်ဖြစ်ပါသည်။ ကမ္ဘာသူကမ္ဘာသားများအားလုံး ရောဂါကပ်ဆိုးကို ကျော်လွှားနိုင်၍ သာယာလှပသောအနာဂတ်ကို အတူတကွ ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်မိပါသည်။
