မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း သံအမတ်ကြီး Ms. Ma Jia က မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် အားပြင်းငလျင်ကြီးလှုပ်ခတ်ခြင်းနှင့်ပတ်သက်၍ တရုတ်မြန်မာမီဒီယာများ၏ တွေ့ဆုံမေးမြန်းခြင်းကိုလက်ခံ

မတ်လ ၃၁ ရက် မွန်းလွဲပိုင်းတွင် သံအမတ်ကြီး Ms. Ma Jia က မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် ဘေးအန္တရာယ် အခြေအနေ နှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးတွင် ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ CMG၊ People's Daily၊ Global Times၊ MWD TV စသည့် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ခံဖြေကြားခဲ့သည်။
သံအမတ်ကြီး Ms. Ma Jia သည် ရန်ကုန်သို့ရောက်ရှိလာသော တရုတ်အစိုးရမှ မြန်မာနိုင်ငံအားပံ့ပိုးပေးသည့် ပထမအသုတ် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ၏ အခြေအနေကို မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ခင်မင်ရင်းနှီးသော အိမ်နီးချင်းနှင့် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုဖြစ်သည့် တရုတ်နိုင်ငံက သက်ဆိုင်ရာလုပ်ဆောင်မှုများကို အမြန်ဆုံးဆောင်ရွက်ခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကိုလိုအပ်သည့်အကူအညီများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအား ဘေးဒဏ်ကိုအမြန်ဆုံးကျော်လွှားပြီး နေရပ်ဌာနေ ပြန်လည်တည်ဆောက်ရာမှာထောက်ပံ့ကူညီသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရစေလွှတ်သောကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့နှင့် အရပ်သား ကယ်ဆယ်ရေးအဖွဲ့ ၁၅ ဖွဲ့မှ အဖွဲ့ဝင် ၅၀၀ နီးပါးနှင့်အတူ ငလျင်လှုပ်ဆဲအခြေအနေ၊ အပူချိန်မြင့်မားမှု၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းစသည့် အခက်အခဲများကို ကျော်လွှားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ခဲ့ကြသည်။ လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူ (၆) ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှုများအပြင် တရုတ်နိုင်ငံကြက်ခြေနီအသင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကလည်း မြန်မာနိုင်ငံသို့ အလှူငွေနှင့် ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြခြင်းသည် မြန်မာလူမျိုးများအပေါ် တရုတ်လူမျိုးများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ထင်ရှားစွာ ပြသခဲ့ပါသည်။

သံအမတ်ကြီး Ms. Ma Jia က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ငလျင်လှုပ်ပြီးနောက် ပထမဦးစွာ အရေးပေါ်တုံ့ပြန်ရေး ယန္တရားကို စတင်လုပ်ဆောင်ပြီး တရုတ်နိုင်ငံသားများနှင့်ကုမ္ပဏီများ၏ ဘေးအန္တရာယ်ထိခိုက်မှုအခြေအနေကို အမြန်ဆုံးစုံစမ်းစစ်ဆေးခဲ့ပြီး ကောင်စစ်ဆိုင်ရာ အကူအညီများပေးအပ်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့အား ကူညီပံ့ပိုးပေးရန် မြန်မာနိုင်ငံနှင့်ညှိနှိုင်းမှုများ လုပ်ဆောင်ကာ ဘေးဒဏ်သင့်ဒုက္ခသည်များထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးပို့ဆောင်နိုင်ရေး သေချာစေရန်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါသည်။ မတ်လ ၃၁ ရက်နေ့ ပေကျင်းစံတော်ချိန် ညနေ ၆း၀၀ ထိ ငလျင်လှုပ်ခတ်မှုကြောင့်တရုတ်နိုင်ငံသားသေဆုံးသူ ၃ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိ၍ အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကောင်စစ်ဆိုင်ရာ အကာအကွယ်နှင့် အကူအညီများကို အစွမ်းကုန် ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
သံအမတ်ကြီး Ms. Ma Jia က ငလျင်လှုပ်ခတ်မှုဟာ ကမ္ဘာမြေကို ပြိုကွဲစေခဲ့ပေမယ့် တရုတ်မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မဖြတ်တောက်နိုင်သလို အချင်းချင်းရိုင်းပင်းကူညီခြင်းဖြင့် ဘုံကံကြမ္မာကိုအတူမျှဝေတဲ့သဘောတရားနှင့် ယုံကြည်မှုကိုလည်း တုန်လှုပ်သွားမှာမဟုတ်ပါကြောင်း၊ မြန်မာလူမျိုးများသည် ဇွဲသတ္တိရှိပြီးကြံ့ကြံ့ခိုင်နိုင်စွမ်းရှိတဲ့ လူမျိုးဖြစ်တဲ့အတွက် မြန်မာပြည်သူများ ဘေးအန္တရာယ်ကို ကျော်လွှားပြီး နေရပ်ဌာနေများ ပြန်လည်တည်ဆောက်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ရန် အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဤသည်လည်း တရုတ်မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေး၏ ရှိသင့်တဲ့လိုက်နာစောင့်ထိန်းအပ်သော ဝတ္တရားများဖြစ်ပါကြောင်းဟုပြောကြားခဲ့သည်။
