“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ရေမြေသဘာဝ ကျန်းစူးအလှ ဓာတ်ပုံပြပွဲ
နန်ကျင်းမြို့ (Nanjing) သည် ကျန်းစူးပြည်နယ်(Jiangsu)၏ မြို့တော်ဖြစ်သည်။ ၎င်းမြို့သည် ကမ္ဘာ့စာပေမြို့တော်တစ်ခုလည်း ဖြစ်ပြီး သမိုင်းကြောင်းရှည်ကြာ၍ ယဉ်ကျေးမှုပေါင်းစုံ စုဝေးတည်ရှိရာ နေရာဖြစ်သည်။ ဤမြို့တွင် ယန်စီမြစ်အပျော်စီးသင်္ဘောပေါ်၌ လိုက်ပါစီးနင်းပြီး မုဖူတောင် (Mufu) ၊ ချယ်ရီပန်းလမ်းမ၊ ယန်စီမြစ်ကူးတံတား၊ မြစ်ကမ်းရှုခင်းလမ်းသွယ် စသည့် သာယာလှပသော ရှုမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်သည်။ မြင့်မားမတ်စောက်သော ဇီကျင်းတောင် (Zijin) နှင့် ကျယ်ပြောလှသော ရွှမ်ဝူရေကန် (Xuanwu) တို့သည် နန်ကျင်းမြို့ကို သဘာဝအလှများဖြင့် ခြယ်မှုန်းပေးထားသည်။ ညအချိန်တွင် မီးရောင်ထိန်ထိန်လင်းနေသည့် ကွန်ဖြူးရှပ်ဘုံကျောင်း (Fuzimiao) ၊ စည်ကားသော Xinjiekou နေရာများတွင် ခြေလျင်ဖြင့်ဖြစ်စေ၊ ချင်ဟွိုင်မြစ်(Qinhuai)တစ်လျှောက် အပျော်စီးလှေ လိုက်ပါစီးနင်း၍ဖြစ်စေ ကျင်းလင်ရှေးဟောင်းမြို့ (Jinling) (နန်ကျင်းမြို့၏ ရှေးခေတ်အခေါ်အဝေါ်) ၏ ရှေးယခင်အချိန်မှ ယနေ့အထိ ခမ်းနားထည်ဝါပုံများကို တွေ့မြင်နိုင်ပါသည်။
ရန်ကျိုးမြို့ (Yangzhou) သည် ကမ္ဘာ့စားကောင်းသောက်ဖွယ်များ စုစည်းရာ၊ အရှေ့အာရှယဉ်ကျေးမှုများ ပေါင်းဆုံရာ၊ တူးမြောင်းများ စုဝေးရာမြို့ ဖြစ်ပြီး နိုင်ငံတကာ အမှတ်တံဆိပ်များစွာရှိသော နေရာတစ်ခု ဖြစ်သည်။ ယန်စီမြစ်နှင့် မဟာတူးမြောင်းကြီးသည် ရန်ကျိုးမြို့၌ လာရောက်ဆုံပြီး ထန်ခေတ် ကျန့်ကျမ်းဘုန်းတော်ကြီး (Jianzhen) ဂျပန်နိုင်ငံသို့ ရွက်လွှင့်သွားရောက်ရာတွင်လည်း ဤနေရာမှပင် စတင်ထွက်ခွာခဲ့သည်။ ယနေ့အစီအစဉ်မှတစ်ဆင့် ရန်ကျိုးထမင်းကြော်၊ ဂဏန်းသားမှုန့်ဝက်သားလုံးပေါင်း အစရှိသည့် ဟွိုင်ရန်ဟင်းလျာ (Huaiyang) များထဲမှ သာယာကြည်နူးဖွယ် လူနေမှုဘဝပုံစံကို တွေ့မြင်ခံစားပြီး Slender West Lake ရှုခင်းနေရာနှင့် ရန်ကျိုးမြို့ တရုတ်နိုင်ငံမဟာတူးမြောင်းကြီးပြတိုက်တို့တွင် ရန်ကျိုးရှေးဟောင်းမြို့၏ ဆွဲဆောင်မှုအလှများကို ဖွေရှာလေ့လာနိုင်မည် ဖြစ်ပါသည်။
ကျမ့်ကျန်းမြို့ (Zhenjiang) သည် တောတောင်ရေမြေရှုခင်းများဖြင့် နာမည်ကျော်ကြားပြီး စွန့်ဦးတီထွင်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့် မြို့တစ်မြို့ ဖြစ်သည်။ ဤမြို့တွင် မြစ်ကြီးများ ရှိကဲ့သို့ ချောင်းငယ်များလည်း များပြားသည်။ ကျမ့်ကျန်းမြို့ကို တောင်(၃)တောင် (Jin Mountain ၊ Jiao Mountain ၊ Beigu Mountain) က ဝိုင်းရံထားပြီး မြို့အနီးပတ်ဝန်းကျင်တွင်လည်း မောင်းဆန်းတောင် (Mao Mountain) နှင့် ပေါင်ဟွာတောင် (Baohua Mountain) တို့ဖြင့် တောင်အထပ်ထပ် ကာရံထားသည်မှာ နတ်ဘုံအလား ဖြစ်နေပါသည်။ တရုတ်နိုင်ငံတစ်ဝှမ်း နာမည်ကျော်ကြားသော ကျမ့်ကျန်းရှလကာရည်၊ ကိုယ်ပိုင်မူဟန်ရှိသော မောင်းဆန်းတောင် တာအိုဘာသာတေးသီချင်းနှင့် နှစ်ပေါင်းများစွာတိုင်အောင် လက်ဆင့်ကမ်းလာခဲ့သော မြွေဖြူဒဏ္ဍာရီတို့သည် ကျမ့်ကျန်းမြို့အား သူမတူထူးခြားသည့် ဆွဲဆောင်မှုအလှများနှင့် ပြည့်စုံစေပါသည်။
ထိုက်ကျိုးမြို့၏ “ထိုက်ကျိုး (Taizhou)” ဆိုသည်မှာ “ကောင်းခြင်းမင်္ဂလာဆောင်သောဒေသ” ဟု အနက်ရပြီး တရုတ်နိုင်ငံ၏ ပျော်စရာအကောင်းဆုံးသော မြို့များအနက် တစ်မြို့ဖြစ်သည့်အပြင် ပေကျင်းအော်ပရာ အကျော်အမော် Mei Lanfang ၏ ဇာတိမြေလည်း ဖြစ်သည်။ ဖုန့်ချန်မြစ် (Fengcheng) ဖြတ်သန်းစီးဆင်းပြီး ချင်းဟူရေတိမ်ဒေသ (Qinhu) ၊ ချန်းတော် (Qianduo) ဆီထွက်မုန်ညင်းပန်းခင်း အစရှိသည့် သာယာကောင်းမွန်သော ဂေဟစနစ်သည် ထိုက်ကျိုးမြို့ကို သာယာလှပနေစေပေသည်။ နေ့စဉ်မနက်တိုင်း ထိုက်ကျိုးမြို့၏ အရသာရှိသော မနက်စာကို သုံးဆောင်ရင်း သာယာလှပသော နေ့တစ်နေ့ကို စတင်နိုင်မည် ဖြစ်သည်။
ချန်ကျိုးမြို့ (Changzhou) ကို နဂါးမြို့တော်ဟုလည်း သိကြပြီး ဆန်းသစ်တီထွင်မှုများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။ ချန်ကျိုးဒေသခံများသည် နည်းပညာကို ယဉ်ကျေးမှု၊ ခရီးသွားလာရေးတို့နှင့် ပေါင်းစပ်ပြီး Yancheng Chunqiu Amusement Land ၊ Oriental Salt Lake Resort ၊ China Dinosaur Park ၊ Joyland အစရှိသည့် အပန်းဖြေဥယျာဉ်များကို ဖန်တီးတည်ဆောက်ခဲ့သည်။ ထို့အပြင် ဂေဟစနစ်နှင့် အပန်းဖြေမှုများကို ပေါင်းစည်းထားသည့် ထျန်းမုရေကန်(Tianmu) ငါးခေါင်းဟင်းလျာ၊ နန်ဆန်းဝါးရုံတော (Nanshan) နှင့် သဘာဝရေပူစမ်းတို့သည်လည်း နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အမြောက်အမြားကို ဆွဲဆောင်လျက်ရှိသည်။
ဝူရှီးမြို့ (Wuxi) သည် တရုတ်နိုင်ငံတွင် လူတစ်ဦးချင်း GDP အမြင့်ဆုံး မြို့တစ်မြို့ ဖြစ်သည်။ သမိုင်းကြောင်းရှည်ကြာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ ဝူယဉ်ကျေးမှု (Wu Culture) အစပြုရာ အဓိကနေရာတစ်ခုလည်း ဖြစ်သည်။ ဝူရှီးမြို့သည် ယဉ်ကျေးမှုများ စုဝေးတည်ရှိရာ နေရာဖြစ်ပြီး စာရေးဆရာ Qian Zhongshu ၊ ပန်းချီဆရာ Xu Beihong ၊ နာမည်ကျော် ဘိလိယက်ကစားသမားငယ်လေး Ding Junhui စသည့် နာမည်ကျော်ပုဂ္ဂိုလ်တို့၏ မွေးရပ်ဇာတိလည်း ဖြစ်သည်။ လက်ရှိတွင် ဝူရှီးမြို့၌ လင်ဆန်းရှုခင်းနေရာ (Lingshan) ၊ နျန်ဟွားပင်လယ်အော် (Nianhua) ၊ ဟိုင်လန်မြင်းစီးကလပ် (Hailan) စသည့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်ပြယုဂ်များအပြင် ရီရှင်းမြေထည် (Yixing) ၊ ဟွေ့ဆန်းရွှံ့ရုပ် (Huishan) စသည့် ဒြပ်မဲ့ယဉ်ကျေးမှုပစ္စည်းများ ရှိသဖြင့် ဆွဲဆောင်မှုအလှတရားများ ပြည့်နှက်လျက် ရှိပါသည်။
စူးကျိုးမြို့ (Suzhou) သည် ကျန်းနန်ရေပေါ်ဒေသ၏ ပြယုဂ်ဖြစ်ပြီး ၎င်းမြို့ကို အရှေ့တိုင်း၏ ဗင်းနစ်မြို့ဟူ၍လည်း တင်စားကြသည်။ မြို့တစ်မြို့လုံးကို ရေပတ်လည်ဝိုင်းရံထားပြီး ကျန်းနန်ဥယျာဉ်များနှင့် ရေပေါ်ရှေးဟောင်းမြို့များ ရှိသည်။ Humble Administrator’s Garden ၊ Master-of-Nets Garden ၊ Zhouzhuang waterside town ၊ Luzhi town...များနှင့် Jinji Lake စီးပွားရေးခရီးသွားဇုန်ကို ပေါင်းစည်း၍ ခေတ်ပေါ်ခေတ်ဟောင်း အသွင်ပေါင်းမြို့တစ်မြို့အဖြစ် ဖန်တီးထားပါသည်။ စူးကျိုးမြို့သည် ကမ္ဘာအနှံ့မှ လက်မှုပညာများနှင့် အရပ်ဘက်အနုပညာများ၏ မြို့တော်ဖြစ်သည်။ တရုတ်အော်ပရာပြဇာတ်များ၏ ပင်မဖြစ်သော Kun အော်ပရာပြဇာတ်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စူးကျိုးပန်းထိုးပညာတို့မှာ ထူးချွန်ပြောင်မြောက်လှ၍ ထင်ရှားကျော်ကြားသည်။
နန်ထုံးမြို့ (Nantong) သည် ယန်စီမြစ် ပင်လယ်ထဲသို့ စီးဝင်ရာနေရာ ဖြစ်သောကြောင့် ၎င်းမြို့ကို “မြစ်ပင်လယ်ဂိတ်” ဟု ခေါ်ဝေါ်ကြသည်။ မြစ်ပင်လယ် များပြား၍ ရေထွက်ပစ္စည်း ပေါများသည်။ နန်ထုံးမြို့ရှိ Yuantuo Cape သည် ကျန်းစူးပြည်နယ် (Jiangsu) တွင် ပထမဆုံး နေအလင်းရောင်ခြည်တန်း ကျရောက်သည့်နေရာ ဖြစ်သည်။ နန်ထုံးမြို့သည် ပြတိုက်မြို့တော် ဖြစ်သည့်အလျောက် ဟော်မြစ်(Hao)တစ်လျှောက်တွင် တရုတ်နိုင်ငံ ပေတီးပြတိုက်၊ ပိတ်ပန်းပြာပြတိုက် စသဖြင့် ပြတိုက်ပေါင်း (၂၀) ကျော် ရှိသည်။ ယန်စီမြစ် ပင်လယ်ထဲသို့ စီးဝင်သည့် တောင်ငါးလုံးနေရာသည် ယန်စီမြစ်၏ စံဂေဟစနစ်ဖြစ်ပြီး ယန်စီမြစ်ရေ အရှေ့ဘက်သို့ စီးဆင်းသွားသည်ကို အပေါ်စီးမှ ကြည့်ရှုရာ ရှုခင်းနေရာကောင်းတစ်ခု ဖြစ်သည်။