၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “အတွင်းမွန်ဂိုးလီးယား ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲ - ရေခဲဆီးနှင်းဧည့်ဂေဟာကဏ္ဍ
အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ မြောက်ဘက်တည့်တည့်တွင် တည်ရှိသည်။ “သာယာအလှဖြာ မြောက်ပိုင်းဒေသမှာ၊ ရေခဲဖုံးလွှမ်း ဆီးနှင်းလွင့်ဝဲ” ဟူသော စာသားမှာ အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆောင်းရာသီကို ဖော်ကျူးရေးစပ်ထားခြင်းပင်ဖြစ်သည်။ ငွေနှင်းပွင့်များ လွင့်ကာလွင့်ကာ၊ သစ်ပင်များအထက် ဖုံးလွှမ်းလို့ရယ် အတွင်းမွန်ဂိုးလီးယားဒေသ၏ ဆီးနှင်းတဖွဲဖွဲ ရှုခင်းအလှကို ခြယ်မှုန်းပေးနေပါသည်။ သဘာဝအရင်းအမြစ်များကို ဒေသဓလေ့များ၊ သမိုင်းဝင်အမွေအနှစ်နေရာများ အစရှိသည့် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် ပြီးပြည့်စုံစွာ ရောယှက်ပေါင်းစပ်လိုက်သည့်အခါ ယင်းဒေသ၏ ဆောင်းရာသီချိန်ခါ ခရီးသွားဆိုင်ရာ ထူးခြားချက်များကို ထင်ရှားပေါ်လွင်လာစေသည်။
ယခုအကြိမ်ပြပွဲတွင် “ရေခဲဆီးနှင်းသဘာဝရှုခင်းကဏ္ဍ”၊ “ရေခဲဆီးနှင်းဧည့်ဂေဟာကဏ္ဍ”နှင့် “ရေခဲဆီးနှင်းအားကစားကဏ္ဍ” ဟူ၍ ကဏ္ဍ(၃)ရပ် ပါဝင်ပြီး အတွင်းမွန်ဂိုးလီးယားဒေသ၏ ပထဝီဝင်အားသာချက်များရှိသော ရေခဲဆီးနှင်းအရင်းအမြစ်များနှင့် တစ်မူထူးခြားသော ယဉ်ကျေးမှုရိုးရာဓလေ့များကို အသက်ဝင်စွာ တင်ဆက်ပြသထားပါသည်။
ယခုတစ်ပတ်အစီအစဉ်တွင် “ရေခဲဆီးနှင်းဧည့်ဂေဟာကဏ္ဍ”ကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ကျယ်ပြောလှသော နယ်မြေနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပေါင်းစည်းရောယှက်နေသည့် ယဉ်ကျေးမှုများက အတွင်းမွန်ဂိုးလီးယားဒေသ၏ အစားအသောက်များအား တစ်မူထူးခြားနေစေပါသည်။
ယင်းဒေသသည် ဂေဟစနစ် ကောင်းမွန်ပြီး စိမ်းလန်းစိုပြည်၍ သဘာဝဆန်ဆန်နှင့် အလွန်သန့်စင်သော နေရာမျိုးဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ပေါများကြွယ်ဝ၍ အဖိုးတန်ရှားပါးလှသော အစားအသောက်နိဗ္ဗာန်ဘုံ နေရာတစ်ခုပင်ဖြစ်သည်။ မွန်ဂိုလူမျိုးတို့၏ ထူးခြားသော အစားအသောက်များဖြစ်သည့် သိုးကောင်လုံးကင်၊ သိုးသားဟော့ပေါ့၊ ရှိုးမိုင်၊ လက်ဖဲ့အသားလွှာ၊ ရိုးရာနို့လက်ဖက်ရည်နှင့် အမျိုးမျိုးသော နို့ထွက်ပစ္စည်းများက နေရာဒေသအသီးသီးမှ ခရီးသွားဧည့်သည်များအား စိတ်ကျေနပ်နှစ်သက်စေပြီး လျှာပေါ်တွင် စွဲမြဲထိမိနေစေမည် ဖြစ်ပါသည်။