၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လေ့လာဖွေရှာ ဆန်းရှီးအလှအပအဖြာဖြာ” ယဉ်ကျေးမှုခရီးသွား ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဆန်းရှီးပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုများ (ဒုတိယပိုင်း)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-18 15:16:35



တရုတ်ရိုးရာယဉ်ကျေးမှု၏ အစပြုရာနေရာဖြစ်သည့် ဆန်းရှီးပြည်နယ် (Shanxi) သည် ရှေးဟောင်းသမိုင်းဝင်နေရာများ ပေါများကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များလည်း နက်ရှိုင်းလှပါသည်။ များပြားစုံလင်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် ဆန်းရှီးမြေပေါ်တွင် ခေတ်အဆက်ဆက် နေထိုင်လာခဲ့သော လုပ်သားပြည်သူတို့၏ အသိဉာဏ်ပညာများပင်ဖြစ်သည်။


“အရောင်တင် ယွန်းထည်” ဗီဒီယို


အရောင်တင် ယွန်းထည်သည် လက်မှုအတတ်ပညာဆိုင်ရာ အဆင့်မြင့် ယွန်းထည်ပစ္စည်းတစ်မျိုးဖြစ်ကာ ဆန်းရှီးပြည်နယ် ဖျင်ယောင်ကောင်တီ (Pingyao) ၏ ဒေသရိုးရာ လက်မှုအတတ်ပညာတစ်မျိုး ဖြစ်ပါသည်။ လက်ဖဝါးဖြင့် ချောမွတ်ပြောင်လက်အောင် အရောင်တင်ရသည်ကို အစွဲပြု၍ အရောင်တင် ယွန်းထည် ဟူ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ယင်းယွန်းထည်မျိုးသည် အသွင်သဏ္ဌာန် ရှေးဆန်ရိုးစင်းပြီး  ပြောင်လက်တောက်ပ၍ ဆေးပန်းချီဆွဲအလှဆင်ထားသည်မှာ ရွှေရောင်တဝင်းဝင်းနှင့် ထည်ဝါတင့်တယ်ကာ လက်ရာအနုစိတ်၍ ချောမွတ်လှသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိခြင်း၊  အဆိပ်အတောက်မဖြစ်စေခြင်း၊ ပိုးစားမှုမရှိခြင်း၊ အပူနှင့် စိုထိုင်းမှုဒဏ်ကို ခံနိုင်ခြင်း၊ အချိန်ကြာကြာ ရေရှည်အသုံးပြုနိုင်ခြင်းတို့ကြောင့် ယွန်းထည်အမျိုးစုံအနက် အကောင်းဆုံးယွန်းထည်မျိုးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။



စန့်တန်အလွှာထပ်ဘရိုကိတ် (Shangdang Duijin Brocade) ကို အများအားဖြင့် ချန်ကျင့်အလွှာထပ်ပန်းပန်းချီ (Changzhi Duihua) ဟူ၍ လူသိများပြီး ဆန်းရှီးပြည်နယ် ချန်ကျင့်မြို့ (ယခင်က စန့်တန်ဒေသဟု ခေါ်ဆိုခဲ့သည်) ၏ ထူးခြားသော ရိုးရာလက်မှုပစ္စည်းဖြစ်သည်။ ယင်းဘရိုကိတ်ပေါ်ရှိ လူရုပ်များ၊ တိရစ္ဆာန်ရုပ်များမှာ ရုပ်လုံးကြွပေါ်လွင်နေပြီး ပန်းပွင့်ပန်းခတ်များမှာလည်း အသက်ဝင်နေသယောင်ရှိကာ ဆွဲဆောင်နိုင်လှပါသည်။ ရိုးရာပန်းချီအနုပညာများကို ပိုးထည်နှင့် ဘရိုကိတ်ထည်များဖြင့် ဖန်တီးသရုပ်ဖော်ထားသည်မှာ ဤရိုးရာလက်မှုအတတ်ပညာအား ပိုမိုအရောင်စုံလင်ဆန်းကြယ်စေပါသည်။ သို့ဖြစ်ပါ၍ စန့်တန်အလွှာထပ်ဘရိုကိတ်ကို သုံးဖက်မြင် တရုတ်ရိုးရာပန်းချီကားချပ် ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။