၂၀၂၁ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အွန်လိုင်းအစီအစဉ်များ မကြာမီဖွင့်လှစ်တော့မည်
တရုတ်သက္ကရာဇ်နှစ်၏ ပထမဦးဆုံးလ၊ ပထမဦးဆုံးရက်ကို နွေဦးပွဲတော်(တရုတ်နှစ်သစ်ကူး) ဟုခေါ်ဝေါ်သည်။ ကျုံးဟွာ(တရုတ်)တိုင်းရင်းသားလူမျိုးတို့၏ အခမ်းနားဆုံးသော ရိုးရာပွဲတော်ဖြစ်သည်။ စည်းလုံးခြင်း၊ စည်ပင်ဖွံ့ဖြိုးခြင်းစသည့် အဓိပ္ပါယ်ဆောင်ပြီး အနာဂါတ်အတွက် မျှော်လင့်ချက်သစ်များထားရှိမည့် ရက်မြတ်ပွဲတော်ဖြစ်သည်။
ဤနွေဦးရက်မြတ်ပွဲတော် ရောက်ရှိလာမည့်အခိုက်ကို အမှီပြု၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ၁၁ ရက်နေ့အထိ Wechat Official Public Account နှင့် Facebook စာမျက်နှာ တို့မှတဆင့် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အွန်လိုင်းအစီအစဉ်များအား ပြိုင်တူလွှင့်တင်သွားမည်ဖြစ်ပါသည်။ ဓါတ်ပုံ၊ ရုပ်သံဗီဒီယို၊ အခင်းအကျင်း၊ အပြန်အလှန်တုံ့ပြန်ဆောင်ရွက်မှု စသည့် နည်းလမ်းစုံတို့ဖြင့် တရုတ်နွေဦး(နှစ်သစ်ကူး)ပွဲတော်၏ စည်ကားသိုက်မြိုက်၍ သာယာအေးချမ်းသောပတ်ဝန်းကျင်နှင့် အရောင်အသွေးစုံလင်သော ရိုးရာဓလေ့ယဉ်ကျေးမှုများကို တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ စောင့်မျှော်ကြည့်ရှုဖို့ရန်အတွက် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။
သင်နှင့်အတူ ပျော်ပျော်ရွှင်ရွှင်နှစ်ကူးဖို့ရန် ဖိတ်မန္တကပြုအပ်ပါသည်။ နှစ်သစ်မင်္ဂလာအခါသမယတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ကိုယ်ကျန်းမာ၍ ဘေးဘရာဝေးကွာကြပါစေကြောင်း ကြိုတင်ဆုတောင်းမေတ္တာပို့သအပ်ပါသည်။