ကျွန်ုပ်တို့နှင့်အတူ တီဗွီဖန်သားပြင်မှတစ်ဆင့် တရုတ်ဘာသာစကားကို လေ့လာသင်ယူကြပါစို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 18:05:11


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ရွှေသံလွင်မီဒီယာ SKY NET ရုပ်သံလိုင်းတို့အတူ ပူးပေါင်းရိုက်ကူးတင်ဆက်သည့် တရုတ်ဘာသာစကား “Language To Goals” အစီအစဉ်ကို စတင်ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါသည်။ ကမ္ဘာမှုပြုခြင်း (Globalization)နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုရေး၊ စီးပွားရေးအစရှိသည့် ကဏ္ဍများတွင် တရုတ်စာ၏ အသုံးဝင်မှုသည်လည်း ပိုမိုများပြားကျယ်ပြန့်လာပါသည်။ တရုတ်ဘာသာစကားသည် ကုလသမဂ္ဂအဖွဲ့၏ ရုံးသုံးဘာသာစကားကြီး ခြောက်မျိုးအနက်မှ တစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သန်း(၁၅၀၀)ကျော်မှာ တရုတ်ဘာသာစကားကို အသုံးပြုနေကြပါသည်။ တရုတ်ဘာသာစကား “Language To Goals” အစီအစဉ်တွင် တရုတ်ဘာသာစကား အရေး၊ အဖတ်၊ အပြော၊ နားထောင်မှု စွမ်းရည်များကို အခြေခံအဆင့်မှစတင်ကာ တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။ သင်ခန်းစာများတွင် တရုတ်စာအသံထွက် Pinyin၊ နေ့စဉ်သုံးအခြေခံစကားပြောနှင့် ယခုခေတ် တရုတ်ဘာသာဟူ၍ ကဏ္ဍ(၃)ပိုင်း ပါဝင်ပါသည်။ သင်ကြားပို့ချပေးသူအဖြစ် ရှန်ဟိုင်းနိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ Teaching Chinese to Speakers of Other Languages အထူးပြုဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသူ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဒေါ်ဝင့်သူလှိုင်မှ တာဝန်ယူသင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထုတ်လွှင့်ပြသမည့် အချိန်များမှာ အောက်ဖော်ပြပါဇယားအတိုင်း ဖြစ်ပါသည်။

图片

ဤအစီအစဉ်အား SKY NET Teen Channel နှင့် SKY NET Education Channel များ၌ ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါသည်။ Teen Channel တွင် အပတ်စဉ် သောကြာနေ့နှင့် စနေနေ့ ည ၇:၃၀ အချိန်တိုင်း၌ အပိုင်းသစ်များကို တင်ဆက်ပြသသွားမည်ဖြစ်ပြီး  စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြန်လည်ပြသသွားပါမည်။ Education Channel တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ နံနက် ၇:၀၀ အချိန်တိုင်း၌ အပိုင်းသစ်များကို တင်ဆက်ပြသသွားမည်ဖြစ်ပြီး စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပြန်လည်ပြသသွားပါမည်။ ပရိသတ်များနှင့် လေ့လာသင်ယူသူများအားလုံး အတူတကွ လိုက်ပါကြည့်ရှု လေ့လာသင်ယူရင်းမှတစ်ဆင့် အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်များ အခြေခိုင်ပြီး အခြေခံဆက်ဆံရေးပိုင်းစွမ်းရည်များကို တတ်မြောက်ပိုင်ဆိုင်ကာ တရုတ်စာ အရည်အချင်းစစ်စာမေးပွဲ (HSK) Level-3 ကို ကောင်းမွန်စွာ ဖြေဆိုအောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။


အားလုံးပဲ ကျွန်ုပ်တို့နှင့်အတူ တီဗွီဖန်သားပြင်မှတစ်ဆင့် တရုတ်ဘာသာစကားကို လေ့လာသင်ယူကြပါစို့။