ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ (တရုတ်ရိုးရာ Chun Fen ရာသီချိန်) မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် အမှတ် (၃၉)၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။ စင်တာတွင် ပြခန်းမ၊ ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်၊ သင်တန်းသုံးစာသင်ခန်းများ စသဖြင့် ရှိပြီး ယဉ်ကျေးမှုလှုပ်ရှားမှုများနှင့် ခရီးသွားမိတ်ဆက်ခြင်းလှုပ်ရှားမှုများကို ပုံမှန် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် မြန်မာပရိသတ်များအတွက် ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ဝူရှူး၊ တရုတ်တိုင်းရင်းဆေးပညာ၊ အချက်အပြုတ်သင်တန်း အစရှိသည့် သင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိပါသည်။ စင်တာစာကြည့်တိုက်ကိုလည်း စာဖတ်ပရိသတ်များအတွက် ဖွင့်လှစ်ပေးထားပြီး စင်တာခန်းမတွင် အကြောင်းအရာအမျိုးမျိုးသော ပြပွဲများကို အမြဲမပြတ် ခင်းကျင်းပြသထားပါသည်။ ယဉ်ကျေးမှုဖလှယ်မှု၊ ခရီးသွားမိတ်ဆက်မှု၊ အတွေးအမြင်ဆွေးနွေးဖလှယ်မှု စသည့် လှုပ်ရှားမှုပွဲများကိုလည်း အခါအားသင့်လျော်စွာ ကျင်းပပြုလုပ်လျက် ရှိပါသည်။
ယခုနွေရာသီကာလတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ မနက်ပိုင်းတွင် “၂၀၂၃ ခုနှစ် နွေရာသီ ဝူရှူးသင်တန်း”ကို ဖွင့်လှစ်လျက်ရှိပြီး ဝူရှူး(ထောက်လု)သင်တန်းနှင့် ထိုက်ကျီသိုင်းသင်တန်းတွင် သင်တန်းသား စုစုပေါင်း (၃၃)ဦး တက်ရောက်လျက် ရှိပါသည်။ ထို့အပြင် “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း”၊ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း”၊ “၂၀၂၃ ခုနှစ် နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း” များကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ သင်တန်းများသည် မြန်မာပရိသတ်များ အထူးသဖြင့် ကျောင်းသားလူငယ်များ၏ တစ်ခဲနက် အားပေးမှုကို ရရှိထားပြီး အားလုံးက စိတ်ဝင်တစား တက်တက်ကြွကြွဖြင့် သင်တန်းများ လာရောက်အပ်နှံခဲ့ကြပါသည်။ ယခုလက်ရှိတွင် သင်တန်းသားလက်ခံမှု စာရင်းပြည့်သွားပြီဖြစ်ပြီး မတ်လ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ၎င်းသင်တန်း (၃) ခု၏ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားပါမည်။ ထို့အပြင် ဧပြီလဆန်းပိုင်းတွင် စင်တာ၌ “တရုတ်-မြန်မာ ရိုးရာပွဲတော်ရက် ယဉ်ကျေးမှု ဖလှယ်ခြင်း” ယဉ်ကျေးမှုဆွေးနွေးပွဲ၊ “သီဆိုကြမယ် တရုတ်သီချင်း၊ သင်ယူကြမယ် တရုတ်စာ” လှုပ်ရှားမှုပွဲနှင့် “လက်ဖက်ရည်ကြမ်းနှင့် ဗျပ်စောင်း” ခံစားမှုပွဲ အစရှိသည့် လှုပ်ရှားမှုပွဲများကိုလည်း ပြုလုပ်သွားရန် ရှိပါသည်။
■ စင်တာဖွင့်ချိန် -
အင်္ဂါနေ့မှ စနေနေ့အထိ မနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀၊ နေ့လယ် ၂:၀၀ မှ ညနေ ၅:၀၀ အထိ (ပွဲတော်ပိတ်ရက်များရှိလျှင် သီးခြားကြေညာသွားမည်ဖြစ်ပါသည်။)
■ စင်တာသို့ လာရောက်လေ့လာလိုသူများအနေဖြင့် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။
(၁) လုံခြုံရေးဝန်ထမ်းများ၏ လုံခြုံရေးအရ စစ်ဆေးမှုနှင့် သတ်မှတ်ချက်များကို လိုက်နာရန်
(၂) ကျန်းမာရေးစည်းကမ်းချက်များကို လိုက်နာ၍ နှာခေါင်းစည်း တပ်ဆင်လာရန်
(၃) သပ်ရပ်စွာ ဝတ်စားဆင်ယင်ရန်၊ ယဉ်ကျေးစွာ ပြုမှုပြောဆိုရန်
(၄) စင်တာတွင် ကျယ်လောင်စွာ အော်ဟစ်စကားပြောခြင်း၊ ဆူညံခြင်းများ မပြုရန်
(၅) စင်တာမှ ချမှတ်ထားသော စည်းကမ်းချက်များကို လေးစားလိုက်နာရန် (စာကြည့်တိုက်၏ စည်းကမ်းများ၊ သင်တန်းစည်းကမ်းများ စသဖြင့်)
(၆) အများသုံးပစ္စည်းများကို ရိုသေစွာ ကိုင်တွယ်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုကို အလေးထားရန်၊ ရုပ်ပုံများ ရေးခြစ်ခြင်း၊ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းများ မပြုလုပ်ရန်
(၇) သောက်ရေသန့်မှလွဲ၍ အခြားအစားအသောက်များ ယူဆောင်လာခြင်းမပြုရန်
ပရိသတ်များအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လာရောက်လေ့လာရန် ဖိတ်ခေါ်ရင်း နွေဦးနေ့တာညတာတူရာသီချိန် (Chun Fen) တွင် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။