ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “၂၀၂၃ ခုနှစ် နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း” အတွက် သင်တန်းသားများ စတင်လက်ခံနေပါပြီ
အားလုံးစောင့်မျှော်နေကြတဲ့ “၂၀၂၃ ခုနှစ် နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း” ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ Qin He Lou တရုတ်စားသောက်ဆိုင်တို့ ပူးပေါင်းစီစဉ်ပြီး မကြာမီအချိန်အတွင်းမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။ ဒီတစ်ခေါက်သင်တန်းဟာ စင်တာ ဖွင့်လှစ်လာတဲ့ကာလတစ်လျှောက် ပထမဆုံးဖွင့်လှစ်တဲ့ အော့ဖ်လိုင်း ဟင်းချက်သင်တန်းပဲ ဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ ယူနန်အစားအစာယဉ်ကျေးမှုများကို လေ့လာရင်း တရုတ်ဟင်းချက်နည်းပညာများကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ယူနန်အစားအစာများဟာ အမျိုးအမည် စုံလင်ပြီး ကုန်ကြမ်းပစ္စည်းတွေကနေ အစားအသောက်အလေ့အကျင့်အထိ ဒေသအငွေ့အသက်များစွာ ပါဝင်နေတဲ့အပြင် အရသာမှာလည်း ထူးကဲလှပါတယ်။ ယူနန်အစားအစာချက်ပြုတ်နည်းများကို လေ့လာပြီး ယူနန်အစားအစာများရဲ့ တစ်မူထူးခြားတဲ့ စွဲမက်ဖွယ်အရသာများကို ခံစားသိရှိလိုပါက အမြန်ဆုံး လာရောက် အမည်စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
သင်တန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ
❖ သင်တန်းအပ်နှံရန် စည်းကမ်းချက်များ
■ ဤသင်တန်းကြေညာချိန်မှစတင်၍ မတ်လ (၂၂) ရက်နေ့အထိ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း (တနင်္ဂနွေနှင့် တနင်္လာနေ့မှအပ) ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်၍ စာရင်းပေးသွင်းရပါမည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သင်တန်းသားများကို ဦးရာလူစနစ်ဖြင့် လက်ခံပြီး သတ်မှတ်ဦးရေပြည့်လျှင် သင်တန်းသားလက်ခံမှု ရပ်ဆိုင်းပါမည်။
■ အခြားသိရှိလိုသည်များအတွက် ဖုန်းနံပါတ် ၀၁-၂၃၀၂၆၃၁၊ ၀၁-၂၃၀၂၆၃၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ Facebook Page - “Chinese Culture Center Yangon” ၏ Messenger တွင်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
❖ အခြားသတိပြုရန်အချက်များ
■သင်တန်းသားများသည် သင်တန်းလာရောက်အပ်နှံသည့်အခါ မှတ်ပုံတင်မိတ္တူ (၁)စောင်ကိုပါ တစ်ပါတည်း ယူဆောင်လာရမည်။
■ယခုတစ်ခေါက်သင်တန်းသည် အခုမှ ဟင်းစချက်သူဖြစ်စေ၊ ဟင်းချက်အတွေ့အကြုံ အထိုက်အလျောက် ရှိပြီးသားသူဖြစ်စေ၊ မည်သည့်ဟင်းချက်စွမ်းရည်မျိုးမဆို တက်ရောက်နိုင်ပါသည်။
■သင်တန်းအပ်နှံပြီးသော သင်တန်းသားများသည် ၂၄.၃.၂၀၂၃ မွန်းလွဲ ၂:၃၀ အချိန်၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပမည့် သင်တန်းဖွင့်ပွဲကို တက်ရောက်ရပါမည်။
■၃၁.၃.၂၀၂၃ တွင် သင်တန်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလတစ်ခုလုံးအတွက် သင်တန်းချိန် စုစုပေါင်း (၇) ချိန် သတ်မှတ်ထားသည်။
■သင်တန်းသားများဝတ်ဆင်ရန် မီးဖိုချောင်သုံးခါးစည်း (Apron)ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ထောက်ပံ့ပေးပါမည်။
■သင်တန်းပို့ချမှုအား ကောင်းမွန်စွာ တတ်မြောက်နိုင်ရန် သင်တန်းသားများအနေဖြင့် အတန်းချိန်မှန်မှန် တက်ရောက်ပြီး သင်ယူရန် လိုအပ်ပါသည်။