တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - ဟင်းလျာများထဲမှ တရုတ်နိုင်ငံအကြောင်း လေ့လာခြင်း (အပိုင်း - ၆)
ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်ဟင်းလျာများသည် ကမ္ဘာနှင့်အဝှမ်း ကျော်ကြားပြီး ကမ္ဘာ့ဟင်းလျာတွဲ သုံးတွဲအနက်မှ တစ်တွဲ ဖြစ်ပါသည်။ ဟင်းအမယ်များပြား၍ အရသာ အမျိုးမျိုးရှိကာ ရာသီနှင့်အလိုက် ကိုက်ညီရပြီး အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံပန်းသဏ္ဌာန်တို့နှင့် ပြည့်စုံရပါသည်။ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ စိစစ်မှုရှိခြင်း၊ ဓားကိုင်ပုံ အနုစိတ်ခြင်း၊ မီးအချိန်အဆ တိကျမှုရှိခြင်း စသဖြင့် တရုတ်ဟင်းလျာများ၏ အဆင့်မြင့်မှုနှင့် တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆများကို မဖော်ပြထားသည့် နေရာဟူ၍ မရှိပေ။
ဤအစီအစဉ်သည် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ၊ သုံးမျှင်ဟင်းလျာ၊ တရုတ်မုန်ညင်းဖြူစွပ်ပြုတ်၊ သိုး/ဆိတ်သားဟော့ပေါ့၊ ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ အစရှိသည့် ဒေသအထင်ကရ တရုတ်ရိုးရာဟင်းလျာများကို ရွေးချယ်တင်ဆက်ထားပါသည်။ တရုတ်ဟင်းလျာများထဲတွင် ပါဝင်သည့် အစားအသောက်ယဉ်ကျေးမှု၊ အချက်အပြုတ်လက်ရာ၊ အမြင်အာရုံခံစားမှု အနုပညာနှင့် ရှည်ကြာသော သမိုင်းကြောင်းများကို တသီတတန်း အသွယ်သွယ် ဖော်ပြနေပြီး အစားအသောက်နောက်ကွယ်မှ သမိုင်းကြောင်းပုံပြင်များ၊ ဒေသအသွင်အပြင်နှင့် တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုထုံးစံများ၊ စားသောက်ပုံအလေ့အထနှင့် အစားအသောက် လက်ဆင့်ကမ်း အမွေဆက်ခံမှု စသဖြင့်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။
ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ
ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာသည် “ရှေးယခင်မှ ယနေ့အထိ အဖိုးထားရသော ကုန်ကြမ်း (၈)မျိုး” အနက်မှ တစ်မျိုးဖြစ်သည်။ ၎င်းဟင်းလျာသည် ကြက်သွန်မြိတ်ရနံ့ ကြိုင်သင်းပြီး အာဟာရ ကြွယ်ဝသည်။ အဆုတ်ရှင်း၍ ကျောက်ကပ်အားဖြည့်ပေးပြီး ဆန်းတုန်း(Shandong)ဟင်းလျာတွဲတွင် ပါဝင်ပါသည်။ ရေဖြင့် ပွလာအောင် ပြုလုပ်ထားသော ပင်လယ်မျှော့နှင့် ကြက်သွန်မြိတ်သည် ၎င်းဟင်းပွဲ၏ အဓိက ကုန်ကြမ်းပစ္စည်း ဖြစ်သည်။ ပင်လယ်မျှော့သည် လတ်ဆတ်သန့်ရှင်း၍ နူးညံ့ပြောင်ချောနေပြီး ကြက်သွန်မြိတ်အရင်းပိုင်း၏ မွှေးရနံ့ထုံသင်းနေကာ စားလိုက်လျှင် ထွက်လာသော အရည်သည်ပင် အရသာရှိလှသောကြောင့် ဟင်းပွဲတစ်ခုလုံးတွင် အပိုအလျှံ ပယ်ပစ်စရာဟူ၍ တစ်ခုမျှ မရှိပေ။ အကယ်၍ “ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ” သည် တရုတ်ဟင်းလျာတံခါးမကြီးကို ဖွင့်လှစ်သည်ဟုဆိုလျှင် “ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ” ကို စားရဲပြီး ကြိုက်နှစ်သက်ပါက သင်သည် တရုတ်ဟင်းလျာကို အမှန်တကယ် နားလည်သဘောပေါက်သွားပြီဟူ၍ ဆိုနိုင်ပေသည်။
နိဂုံးချုပ်စကား
ဤအစီအစဉ်တွင် မိတ်ဆက်ပေးခဲ့သော ဟင်းလျာ (၆) မျိုးသည် နက်ရှိုင်းကြွယ်ဝသော တရုတ်အစားအစာရတနာသိုက်အတွင်းမှ ပုလဲရတနာ အနည်းငယ်မျှသာလျှင် ဖြစ်သည်။ အားလုံး ယခုမှစ၍ တရုတ်ဟင်းလျာများကို ကြိုက်နှစ်သက်ပြီး တရုတ်နိုင်ငံကို ချစ်ခင်ကြမည်ဟု မျှော်လင့်ပါသည်။ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ပြီး တရုတ်အစားအစာများကို မြည်းစမ်းသုံးဆောင်ရန် အားလုံးအား ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။ အစားအသောက်သည် လူအချင်းချင်း ဆက်ဆံရာတွင် အကောင်းဆုံးနှင့် အလွယ်ကူဆုံးသော လမ်းကြောင်းပင် ဖြစ်ပါသည်။