ကမ္ဘာ့လူဦးရေနေ့ ၊ “ ကမ္ဘာ့လူဦးရေဆိုင်ရာ စီးပွားရေးသမိုင်း” စာအုပ်နှင့် မိတ်ဆက်ခြင်း
၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့၊ ထိုစဉ်က ယူဂိုဆလားဗီးယားပြည်ထောင်စုတွင် မွေးဖွားလာခဲ့သော ရင်သွေးငယ် တစ်ဦးကို ကမ္ဘာ့ကုလသမဂ္ဂမှ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၅၀၀၀ ပြည့်မြောက်သောသူအဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့လူဦးရေသည် သန်း ၅၀၀၀ ကိုကျော်လွန်လာခဲ့ပြီဟု ကြေငြာခဲ့ပါသည်။ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ထိုနေ့ကို “ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ မှတ်တိုင်နေ့” ဟုသတ်မှတ်ရန် အဆိုတင်သွင်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ကုလသမဂ္ဂမှ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့ကို “ကမ္ဘာ့လူဦးရေနေ့” အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး လူသားများအနေဖြင့် လူဦးရေပြဿနာကို အလေးထားအာရုံစိုက်လာစေရန် နှိုးဆော်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် အုပ်ချုပ်ရေးကောင်စီ(UNDP) ၏ (၃၆) ကြိမ်မြောက် အစည်းအဝေးမှ အကြံပြုချက်အရ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရ နှင့်ပြည်သူများအားလုံး လူဦးရေပြဿနာအပေါ် အလေးထား လာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ နိုင်ငံအသီးသီးရှိ အစိုးရဌာနများ နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား ထိုကာလအတွင်း “ကမ္ဘာ့လူဦးရေနေ့” လက်ကမ်းလှုပ်ရှားမှုပွဲများ ကျင်းပရန် တောင်းဆိုခဲ့သည်။
ယခုလို ထူးခြားလှသော နေ့ထူးရက်မြတ်ဖြစ်သည့် ကမ္ဘာ့လူဦးရေနေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ သင့်အတွက် ချင်းဟွာတက္ကသိုလ်( Tsinghua University )ပုံနှိပ်တိုက်မှ ထုတ်ဝေထားသော လီကျုံးဆန်း( Li Zhong Sheng )၏ “ကမ္ဘာ့လူဦးရေဆိုင်ရာ စီးပွားရေးသမိုင်း” စာအုပ်အား မိတ်ဆက် လိုက်ပါသည်။ ထိုစာအုပ်တွင် လူသားစတင်ဖြစ်တည်လာခြင်းမှစ၍ ယနေ့ခေတ် ကမ္ဘာ့လူဦးရေအပြောင်းအလဲ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သမိုင်းအကြောင်းအရာများကို ခြေရာကောက်၍ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် မည်သို့သက်ရောက်ကြောင်း အလေးပေး ရေးသားထားပါသည်။ တချိန်တည်းမှာပင် လူဦးရေပြောင်းလဲစေသော စီးပွားရေးအကြောင်းတရားများအပေါ် သုတေသနပြုချက်များ အပါအဝင် လက်ရှိလူဦးရေအခြေအနေသည် စီးပွားရေးနှင့် အပြန်အလှန်ပတ်သက်နေကြောင်း စသဖြင့် ပါဝင်ပါသည်။ သီအိုရီသဘောတရားအရရော လက်တွေ့အရပါ သင်ယူစရာများစွာရှိ၍ အတွေးအမြင်သစ်များ ပါရှိသော အဖိုးတန်စာအုပ်တစ်အုပ် ဖြစ်သောကြောင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်ငှားရမ်းဖတ်ရှု့ရန် ဖိတ်ခေါ်အပ်ပါသည်။
အထက်ဖော်ပြပါ ဓာတ်ပုံများသည် အွန်လိုင်းပေါ်မှ ကူးယူထားခြင်း ဖြစ်ပါသည်။
