တရုတ်နိုင်ငံသို့ အွန်လိုင်းမှ လည်ပတ်ရင်း ပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ဆောင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု အွန်လိုင်း လှုပ်ရှားမှု အစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခြင်း

၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့သည် (၁၆) ကြိမ်မြောက် "တရုတ်ခရီးသွားနေ့" ဖြစ်ပါသည်။ တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာစေရန်နှင့် မြန်မာနိုင်ငံ ပြည်သူများအား တရုတ်နိုင်ငံ၏ သဘာဝအလှတရားနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုနီးကပ်စွာ ခံစားနားလည်နိုင်စေရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ရွှေဇာမဏီဂျာနယ်တို့ ပူးပေါင်း၍ ငါးရက်ဆက်တိုက် တရုတ်နိုင်ငံသို့ အွန်လိုင်းမှ လည်ပတ်ခြင်း "Visiting China Online - ပေါက်ဖော်ချစ်ကြည်ရေးခရီးစဉ်" အွန်လိုင်း လှုပ်ရှားမှု အစီအစဉ်ကို မေလ ၁၉ရက် မှ ၂၃ရက်အထိ အတူ ကျင်းပခဲ့ပါသည်။ ဤလှုပ်ရှားမှု အစီအစဉ်တွင် မြန်မာနိုင်ငံမှ တရုတ်စာလေ့လာသူများ၊ တရုတ်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တရုတ်မြန်မာချစ်ကြည်ရေးကို စိတ်ဝင်စားသူများ အများအပြား ပါဝင်ခဲ့ကြပြီး ကောင်းမွန်သော ရလဒ်ကောင်းများကို ရရှိခဲ့ပါသည်။
ယခု လှုပ်ရှားမှုအစီအစဉ်ကို WeChat Official Account နှင့် ရွှေဇာမဏီဂျာနယ် WeChat Official Platform နှစ်ခုတို့မှ တစ်ဆင့် ဖော်ပြခဲ့ပြီး အကြောင်းအရာများမှာ စုံလင်များပြားပြီး ပျော်ရွှင်စရာအစီအစဉ်များ ပါဝင်ပါသည်။ အစီအစဉ် ငါးရက်တာအတွင်း ကျင်းပသူဘက်မှ ခရီးသွားခြင်းဆိုင်ရာ ဆောင်းပါးများကို နေ့စဉ် ဖော်ပြတင်ဆက်ခဲ့သည်။ တစ်ဖက်တွင် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများကို စုစည်းတင်ဆက်ပြသခဲ့ပြီး ခေတ်သစ်တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အလှအပများကို ဘက်စုံဖော်ပြပေးနိုင်ခဲ့သည်။ အခြားတစ်ဖက်တွင် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ၏ အခွန်ပြန်အမ်းခြင်းအကြောင်း မိတ်ဆက်ဗီဒီယိုကို အဓိကထား မိတ်ဆက်ပေးခဲ့ပြီး နိုင်ငံခြားသားခရီးသွားများအတွက် အခွန်ပြန်အမ်းခြင်းအကြောင်းဆိုင်ရာ မူဝါဒများကို ရှင်းလင်းတင်ပြနိုင်ခဲ့ကာ နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု အတွေ့အကြုံကို မြှင့်တင်ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။


အပြန်အလှန်ချိတ်ဆက်မှုတွင် ပါဝင်လာစေရန်အတွက် ဤလှုပ်ရှားမှု အစီအစဉ်တွင် "ဒါဘယ်နေရာလဲ။ ခန့်မှန်းကြည့်ပါ။" ၊ "သင်တရုတ်နိုင်ငံသို့ ရောက်ခဲ့ဖူးကြောင်းကို စာကြောင်းတစ်ကြောင်းဖြင့် ပြောပြပြီး သင်၏ ခရီးသွား အတွေ့အကြုံကို မျှဝေခြင်း" ၊ "တရုတ်နိုင်ငံသို့ ခရီးသွားရာခြင်းဆိုင်ရာ ဗဟုသုတများ" စသည့် အကြောင်းအရာ (၃)မျိုး ပါရှိပါသည်။ လှုပ်ရှားမှု အစီအစဉ်ကာလအတွင်း မြန်မာနိုင်ငံပြည်သူများထံသို့ တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးသွားနေရာ (၂၅) ခုကို မိတ်ဆက်ဖော်ပြပေးခဲ့ရာ ပါဝင်သော နေရာများမှာ ကျယ်ပြန့်လှပါသည်။ တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီး၊ ရှေးဟောင်းနန်းတော်၊ မြေရုပ်တုစစ်သည်ပြတိုက် စသည့် ကမ္ဘာကျော်နေရာများအပြင် ပေကျင်းမြို့ Badachu ၊ လော့ရန်မြို့ရှိ ပိုင်မာကျောင်းတော် စသည့် နက်ရှိုင်းသော ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နေရာများလည်း ပါဝင်သည်။ တစ်ချိန်တည်းတွင် လိကျန်းမြို့၊ တာ့လီမြို့၊ ဆစ်ဆောင်ပန်းနားဒေသ အစရှိသည့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနယ်ပြည်နယ်၏ ထူးခြားသော ခရီးသွားနေရာများကိုလည်း အဓိကထား မိတ်ဆက်ပေးခဲ့သဖြင့် ဂန္ထဝင်အလှတရားရှုခင်းများနှင့် ဒေသန္တရထူးခြားချက်များကိုပါ ပေါင်းစပ် ဖော်ပြနိုင်ခဲ့သည်။


အပြန်အလှန်ချိတ်ဆက်မှု အစီအစဉ်များအပြင် "တရုတ်နိုင်ငံသို့ ခရီးသွားရာခြင်းဆိုင်ရာ ဗဟုသုတများ" အထူးကဏ္ဍတွင် မြန်မာခရီးသွားများ ခရီးသွားရာတွင် လက်တွေ့လိုအပ်သော အကြောင်းအရာများဖြစ်သည့် တရုတ်မြန်မာတိုက်ရိုက်လေကြောင်းလိုင်းများ၊ နှစ်နိုင်ငံ ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များ၊ တရုတ်နိုင်ငံတွင်း ခရီးသွားလာရေးနှင့် မိုဘိုင်းငွေပေးချေမှု စသည့် အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုဆိုင်ရာ မူဝါဒများ၊ မြန်မာနိုင်ငံပြည်သူများ တရုတ်နိုင်ငံသို့ ခရီးသွားလာရာတွင် ကြုံတွေ့ရမည့် မေးခွန်းများ၏ အဖြေများကို ဝန်ဆောင်မှုနှင့် လက်တွေ့ကျမှုများကို ပေါင်းစပ်ခြင်းဖြင့် ဖော်ပြပေးနိုင်ခဲ့ပါသည်။
ဤလှုပ်ရှားမှုအစီအစဉ်တွင် ဆုလက်ဆောင် ပေးအပ်သည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။ မှတ်ချက်တွင် ပထမဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်သောသူကို "အမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြေဆိုသူဆု" နှင့် Like/React အများဆုံးရရှိသူကို "ပေါက်ဖော်လူကြိုက်အများဆုံးဆု" များအဖြစ် အသီးသီးရွေးချယ်ခဲ့ပြီး ဆုရရှိသူအားလုံးသည် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ယဉ်ကျေးမှုဆိုင်ရာ လက်ဆောင်ပစ္စည်းများ ရရှိခဲ့သည်။ မေလ ၁၈ရက်နေ့ထုတ် ရွှေဇာမဏီဂျာနယ်တွင် လှုပ်ရှားမှုအစီအစဉ်ဆိုင်ရာ ကြိုတင်အသိပေးချက် အကြောင်းအရာများနှင့် ပါဝင်နိုင်ရန်အတွက် QR Code ကို ကြိုတင်ထုတ်ပြန်ပေးခဲ့ပြီး မေလ ၂၅ရက်နေ့ထုတ်တွင် ဆုရရှိသူများစာရင်းနှင့် အကောင်းဆုံးမှတ်ချက်များကို ဖော်ပြပေးခဲ့ပါသည်။ ၎င်း၏ WeChat Official Account တွင် နေ့စဉ်လှုပ်ရှားမှုအစီအစဉ်ကို ငါးရက်ဆက်တိုက် တင်ဆက်ခဲ့သည့်အပြင် မေလ ၂၄ရက်နေ့တွင် လှုပ်ရှားမှုအစီအစဉ်၏ အနှစ်ချုပ်ဆောင်းပါးကို တင်ဆက်ခြင်းဖြင့် ယခုအကြိမ် ""Visiting China Online" ၏ အကောင်းဆုံး အခိုက်အတန့်များကို အပြည့်အစုံ ဖော်ပြနိုင်ခဲ့ပါသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှာ သမိုင်းအစဉ်အလာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအကြိမ် "Visiting China Online - ပေါက်ဖော်ချစ်ကြည်ရေးခရီးစဉ်" အွန်လိုင်း လှုပ်ရှားမှု အစီအစဉ်သည် ခရီးသွားလာရေးကို ချိတ်ဆက်မှုအဖြစ် အသုံးပြုကာ အွန်လိုင်းပလက်ဖောင်းများကို အခြေခံ၍ နှစ်နိုင်ငံပြည်သူများ၏ အကွာအဝေးကို တစ်ဆင့် ပိုမို နီးကပ်စေခဲ့ပြီး တရုတ်-မြန်မာ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး လမ်းကြောင်းကို ထိရောက်စွာ တိုးချဲ့ပေးနိုင်ခဲ့သည်။ နောင်အနာဂတ်တွင်လည်း အွန်လိုင်းနှင့် အော့ဖ်လိုင်း လှုပ်ရှားမှုအစီအစဉ်များကို ဆက်လက် တီတွင်ဆန်းသစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ယဉ်ကျေးမှု၊ ခရီးသွားလာရေး ဖလှယ်မှုဆိုင်ရာ အစီအစဉ်များကို ပိုမို မိတ်ဆက်ပေးသွားကာ တရုတ်-မြန်မာချစ်ကြည်ရေး လူထုယူဆချက်အခြေခံအုတ်မြစ်ကို စဉ်ဆက်မပြတ် ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နှစ်ပေါင်းထောင်ချီရှိပြီဖြစ်သော ပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းလာစေရန် ယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုများမှတစ်ဆင့် ဆက်လက် လက်ဆင့်ကမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ပြောကြားခဲ့ပါသည်။
