DAY5:တရုတ်နိုင်ငံသို့ရောက်လျှင် ဘာစားကြမလဲ။ "နောင်တမရစေသော" ဈေးဝယ်လမ်းညွှန်ချက် တစ်ခု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2026-05-23 18:31:09



၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့သည် (၁၆) ကြိမ်မြောက် "တရုတ်ခရီးသွားနေ့" ဖြစ်ပါသည်။ ခရီးစဉ်၏ အတောက်ပဆုံးအချိန်များသည် ရှုခင်းကြည့်ခြင်းနှင့် အရသာရှိသော အစားအသောက်များ စားခြင်းမျှသာ မဟုတ်ပါ။ ခရီးဆောင်အိတ်ကိုဖွင့်ကာ မိသားစုဝင်များနှင့် သူငယ်ချင်းများထံ လက်ဆောင်များပေးသော အခိုက်အတန့်လည်း ပါဝင်ပါတယ်။


ယနေ့အကြောင်းအရာမှာ တရုတ်နိုင်ငံသို့ရောက်လျှင် အိမ်အပြန် အမှတ်တရလက်ဆောင် ဘာတွေဝယ်ကြမလဲကို ဆက်လက်ပြောပြပေးသွားပါမယ်။


၁။ ထူးခြားသော ဒေသထွက်မုန့်များ


တရုတ်နိုင်ငံ၏ ဒေသအသီးသီးရှိ မုန့်များသည် အမျိုးအစားစုံလင်ပြီး အရသာအမျိုးမျိုးရှိကာ အမှတ်တရလက်ဆောင်များတွင် အမြဲတမ်းပါဝင်လေ့ရှိပါတယ်။


ယူနန်ပြည်နယ်၏ ပန်းမုန့်ကို ဥပမာပြရလျှင် လတ်ဆတ်သော နှင်းဆီပန်းများဖြင့် အဆာလုပ်ထားပြီး ချိုသော်လည်း မအိဘဲ ထုပ်ပိုးမှုလှသောကြောင့် နိုင်ငံခြားမိတ်ဆွေများစွာ၏ ရွေးချယ်မှုတွင် ထိပ်ဆုံးမှ ပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များအား လက်ဆောင်ပေးပါက လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ထို့ပြင် နာနတ်မုန့်၊ ပင်လုံးကြိုင်ပန်းမုန့်၊ မုန့်ကြိုးလိမ်၊ ပဲစိမ်းမုန့်၊ ငှက်သိုက်မုန့် စသည်တို့သည်လည်း အလွန်ကောင်းသော ရွေးချယ်စရာမုန့်များ ဖြစ်ကြပါတယ်။


အကြံပြုချက် - မုန့်များ၏ သက်တမ်းမှာ များသောအားဖြင့် ကြာရှည်အထားမခံသောကြောင့် သင် ပြန်ခါနီးမှ ဝယ်ယူရန် အကြံပေးပါတယ်။


Image_20260527152442.jpg


၂။ လက်ဖက်ခြောက်


တရုတ်လူမျိုးများသည် လက်ဖက်ရည်ကြမ်းကို နှစ်ထောင်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။


ယူနန်ပြည်နယ်ကို ဥပမာပြပြောရလျှင် ယူနန်ပြည်နယ်သည် ကမ္ဘာ့လက်ဖက်ပင်များ၏ ဇာတိမြေ ဖြစ်သည်။ ဖူအယ်လက်ဖက်ခြောက်ကို နှစ်ပေါင်များစွာ သိမ်းဆည်းထားလို့ရပါတယ်။ ကြာလေလေ မွှေးကြိုင်လေလေ ဖြစ်တယ်။ အိမ်ပြန်သောအခါ ဖူအယ်လက်ဖက်ခြောက် တစ်ချပ်ကို ဝယ်ယူပါက မိမိကိုယ်တိုင်သောက်သုံးနိုင်တယ် ဒါမှမဟုတ် လူကြီးသူမများအား လည်း လက်ဆောင်ပေးလို့ရပါတယ်။ ထို့ပြင် လုံကျင်၊ ထယ်ကွမ်ရင်၊ တာ့ဟုန်ဖောက် စသည့် လက်ဖက်ခြောက် အမျိုးအစားတစ်ခုစီတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ဇာတ်လမ်းပုံပြင်များ ရှိပါတယ်။


အကြံပြုချက် - လက်ဖက်ခြောက် ဝယ်ယူရာတွင် "ဈေးအကြီးဆုံး" ကို လိုက်ရှာရန် မလိုပါ။ သန့်ရှင်းသော လက်ဖက်ခြောက်ဆိုင်တစ်ဆိုင် ရှာပြီး ဆိုင်ရှင်အား "ကျွန်တော် သူများတွေကို လက်ဖက်ခြောက် လက်ဆောင်ပေးချင်လို့ပါ။ ဘတ်ဂျက်က ဒီလောက်ရှိပါတယ်" ဟု သာပြောလိုက်ပါက သူတို့က သင့်အား အကြံပြု ပြပေးပါလိမ့်မယ်။


Image_20260527152446.jpg


၃။ ပန်ဒါဝက်ဝံနှင့်ဆိုင်သော ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်များ


ပန်ဒါဝက်ဝံကို မကြိုက်နှစ်သက်သောသူ မရှိပါ။ အရုပ်များ၊ သော့ချိတ်များ၊ ရေခဲသေတ္တာသံလိုက်ကပ်များ၊ Tote Bag အိတ်များ စသော ပစ္စည်းများသည် ဈေးမကြီးဘဲ လူတိုင်း ကြိုက်နှစ်သက်ကြသည်။


ဘယ်မှာဝယ်ကြမလဲ။


ချန်တူးမြို့ရှိ ပန်ဒါဝက်ဝံအခြေစိုက်စခန်း (Chengdu Research Base of Giant Panda Breeding) ၏ အမှတ်တရပစ္စည်းဆိုင်တွင် အစုံဆုံး ဖြစ်တယ်။ ပေကျင်း၊ ရှန်ဟိုင်း၊ ကူမင်း စသည့် မြို့များရှိ တိရစ္ဆာန်ဥယျာဉ်အတွင်းမှာရှိသော ပန်ဒါကွင်းများတွင်လည်း ဝယ်ယူနိုင်ပါတယ်။


Image_20260527152449.jpg


၄။ ပိုးထည်


ပိုးထည်သည် တရုတ်နိုင်ငံ၏ ရှေးအကျဆုံး အမှတ်အသားများထဲမှ တစ်ခုဖြစ်ပါတယ်။ ပိုးထည်ပဝါများ၊ ပိုးထည်ညအိပ်ဝတ်စုံများ၊ ပန်းထိုးလက်ကိုင်အိတ်များ စသည်တို့သည် ပေါ့ပါးပြီး သယ်ရလွယ်ကူပါတယ်။ လက်ဆောင်ပေးလို့လည်း ကောင်းပါတယ်။


ဘယ်မှာဝယ်ကြမလဲ။


စူးကျိုး၊ ဟန်ကျိုးမြို့များသည် ပိုးထည်ထွက်ရှိရာ နေရာများ ဖြစ်ကြပါတယ်။ ဝေးဝေးလံလံ မသွားလိုပါက တရုတ်နိုင်ငံ မြို့ကြီးများရှိ "ပိုးထည်သီးသန့်အရောင်းဆိုင်များ" သို့မဟုတ် ဈေးဝယ်စင်တာကြီးများရှိ ပိုးထည်များအရောင်းကောင်တာတွင် ဝယ်ယူနိုင်ပါတယ်။


Image_20260527152453.jpg


၅။ ဘယ်နေရာမှာ ဈေးဝယ်ထွက်ကြမလဲ။


ဈေးဝယ်စင်တာကြီးများ - စစ်မှန်သော ကုန်ပစ္စည်းများရှိသည်။ ဈေးနှုန်းကို ရှင်းလင်းစွာ ဖော်ပြထားပြီး ပိုးထည်၊ လက်ဖက်ခြောက်၊ နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းများ ဝယ်ရန် သင့်တော်ပါတယ်။


ထူးခြားသော ရပ်ကွက်များ - ပေကျင်းရှိ ဝမ်ဖူကျင်၊ ရှန်ဟိုင်းရှိ နန်ကျင်းလမ်း၊ ချန်တူးရှိ Kuan Zhai Alley တို့တွင် လည်ပတ်လို့ ကောင်းပြီး ဈေးဝယ်လို့လည်း ကောင်းပါတယ်။


 လေဆိပ်ရှိ အခွန်ကင်းလွတ်ဆိုင်များ (Airport duty-free shops) - နောက်ဆုံးပစ္စည်းဝယ်ရန် အခွင့်အရေး ဖြစ်ပါတယ်။ ဈေးနှုန်းအသက်သာဆုံး မဖြစ်သော်လည်း ဝယ်ယူရအဆင်ပြေပါတယ်။


အွန်လိုင်းမှ ဈေးဝယ်ခြင်း - အကယ်၍ သင်သည် တရုတ်နိုင်ငံတွင် ရက်ကြာကြာ နေထိုင်ပါက (၃-၅ ရက် ထက်ပို၍) JD ၊ Taobao ၊ Pinduoduo တို့ကို စမ်းသုံးကြည့်နိုင်ပါတယ်။ ကုန်ပစ္စည်းအမျိုးအစား များပြားပြီး ဈေးနှုန်းများသည် မကြာခဏဆိုသလို လက်လီဆိုင်များထက် သက်သာကာ ပို့ဆောင်မှုလည်း မြန်ဆန်ပါတယ်။


အသုံးပြုနည်း - App ကို ဒေါင်းလုဒ်လုပ်ပါ → နိုင်ငံကူးလက်မှတ်ဖြင့် စာရင်းသွင်းပါ → ဘဏ်ကတ်ဖြင့် ချိတ်ဆက်ပါ → အော်ဒါ မှာယူပါ။ ပုံမှန်အားဖြင့် ၁-၃ ရက်အတွင်း သင်၏ တည်းခိုသော ဟိုတယ်သို့ ပို့ဆောင်ပေးပါလိမ့်မယ်။


သတိပေးချက် - လမ်းဘေးရှိ "ရှေးဟောင်းပစ္စည်းများ" နှင့် ဈေးနှုန်း ပုံမှန်မဟုတ်ဘဲ အလွန်သက်သာသော နာမည်ကြီးအမှတ်တံဆိပ်ကုန်ပစ္စည်းများကို မဝယ်ရန် အကြံပြုပါတယ်။


Image_20260527152456.jpg


၆။ အခွန်ပြန်အမ်းခြင်းအကြောင်း


တရုတ်နိုင်ငံတွင် နိုင်ငံခြားခရီးသွားများသည် အခွန်ပြန်အမ်းသည့် ဆိုင်တစ်ဆိုင်တည်းတွင် စုစုပေါင်းဝယ်ယူမှု တရုတ်ယွမ်ငွေ ၂၀၀ ပြည့်မြောက်ပါက အခွန်ပြန်အမ်းငွေရရန် လျှောက်ထားနိုင်ပါတယ်။ ပိုမိုကောင်းလာသည်မှာ ယခုအခါ မြို့ကြီးအများအပြားတွင် "ဝယ်ယူသည်နှင့် ချက်ချင်းအခွန်ငွေပြန်အမ်း" သော ဝန်ဆောင်မှုကိုလည်း စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ သင်သည် ဈေးဝယ်သည့်အချိန်တွင် ထိုနေရာမှာပင် အခွန်ပြန်အမ်းငွေကို ရယူနိုင်ပြီး ယင်းငွေဖြင့် ဆက်လက်ဈေးဝယ်သုံးစွဲနိုင်ပါတယ်။ နိုင်ငံမှ ထွက်ခွာချိန်တွင် လေဆိပ်၌ အခွန်ပြန်အမ်းငွေအတွက် တန်းစီစရာ မလိုတော့ပေ။


လုပ်ဆောင်ရန် အကြံပြုချက်များ -


၁။ ဈေးဝယ်သည့်အခါ နိုင်ငံကူးလက်မှတ် ယူဆောင်သွားရန် မမေ့ပါနှင့်။

၂။ ငွေရှင်းချိန်တွင် ဆိုင်ဝန်ထမ်းအား "အခွန်ပြန်အမ်းငွေ လိုအပ်ပါတယ်" ဟု ပြောပါက ဝန်ထမ်းက "နိုင်ငံထွက်ခွာချိန် အခွန်ပြန်အမ်းငွေလျှောက်လွှာ" ကို ထုတ်ပေးပါလိမ့်မယ်။

၃။ နိုင်ငံမှထွက်ခွာချိန်တွင် လေဆိပ်ရှိ အကောက်ခွန်ကောင်တာ၌ အခွန်ပြန်အမ်းငွေလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်နှင့် ဝယ်ယူထားသော ကုန်ပစ္စည်းများကို ပြသပေးပါ။

၄။ အကောက်ခွန်မှ တံဆိပ်နှိပ်ပြီးနောက် ဘေးကပ်လျက်တွင်ရှိသော ကောင်တာတွင် အခွန်ပြန်အမ်းငွေကို ရယူနိုင်ပါတယ်။


Image_20260527152500.jpg


နောက်ဆုံးပြောရရင်


ခရီးစဉ်မှာ ပြီးဆုံးသွားပြီး အမှတ်တရများလည်း မှေးမှိန်သွားတတ်ပါတယ်။

ဒါပေမယ့် ခရီးဆောင်အိတ်ကို ဖွင့်ပြီး အမှတ်တရလက်ဆောင်ကို ထုတ်လိုက်သောအခါ ခရီးစဉ်အတွင်းရှိခဲ့သော ပျော်ရွှင်မှုများကို ပြန်လည်အမှတ်ရ ပေါ်ပေါက်စေပါတယ်။

ပစ္စည်းများသည် လက်ဆောင်ပေးလိုက်ရုံမျှသာ မဟုတ်ဘဲ

သင်သွားခဲ့သော လမ်းများနှင့် မြင်တွေ့ခဲ့ရသော ရှုခင်းများလည်း ဖြစ်နေပါတော့တယ်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official အကောင့်ကို Follow လုပ်ထားပြီး တရုတ်နိုင်ငံ၏ ခရီးသွားဆိုင်ရာ လက်တွေ့ကျအသုံးဝင်သော အချက်အလက်များကို ရယူလိုက်ပါ။